ကလေးတွေလည်း လေဖြတ်နိုင်ပါတယ်
ကလေးတွေ လေဖြတ်နိုင်ပါ့မလားလို့ တွေးမနေပါနဲ့။ လေဖြတ်ခြင်းဟာ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များတယ်ဆိုပေမယ့် တခါတရံ ကလေးငယ်လေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးများမှာ လေဖြတ်ရတဲ့အကြောင်းရင်းဟာ လူကြီးတွေနဲ့ ကွာခြားပါတယ်။
ကျန်းမာရေးဆိုင်ရာ လေ့လာချက်တွေအရဆိုရင်တော့ ကလေးငယ်လေးတွေမှာ လေဖြတ်နိုင်ခြေဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ခြေရှိပြီးတော့ ကိုယ်ဝန်ဆောင်နေစဉ်ကာလ သားအိမ်ထဲမှာတောင်မှ ဖြစ်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။
လေဖြတ်တယ်ဆိုတာဟာ ဦးနှောက်ဆီကိုသွားတဲ့ သွေးထောက်ပံ့မှု ပြတ်တောက်သွားတဲ့အခါမျိုးတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဦးနှောက်ဆီကို သွေးလုံလောက်စွာ မစီးဆင်းလို့ဖြစ်ရတာနဲ့ ဦးနှောက်သွေးယိုပြီးဖြစ်ရတာဆိုပြီး ၂ မျိုးကွဲပါတယ်။ အရွယ်ရောက်ပြီးသား လေဖြတ်သူ ၈၀% ခန့်ဟာ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်ပြီး ကျန် ၂၀% ခန့်ကတော့ ဦးနှောက်တွင်း သွေးယိုခြင်းကြောင့် ဖြစ်တတ်ပါတယ်။
ကလေးတွေ လေဖြတ်ရတဲ့အကြောင်းအရင်းကလည်း သွေးမစီးဆင်းတာနဲ့ သွေးယိုတာ ၂ မျိုးလုံးဖြစ်နိုင်ပြီး ဖြစ်နိုင်ခြေက ၅၀% စီပါ။ ကလေးတွေမှာလည်း ယာယီလေဖြတ်ခြင်း (TIA) ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကလေးတွေမှာလည်း လူကြီးတွေလိုမျိုး (မိနစ်ပိုင်း၊ နာရီပိုင်းလောက်သာ ကြုံရတတ်တဲ့) ယာယီလေဖြတ်ခြင်းမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ယာယီလေဖြတ်ရင် ဘေးထွက်ဆိုးကျိုးသိပ်မရှိပေမယ့် ကလေးတွေမှာ ဖြစ်ရင်တော့ နောက်ပိုင်းမှာ ဦးနှောက်မှာ ဒဏ်ဖြစ်သွားတတ်ပါတယ်။
ကလေးငယ်တွေမှာ လေဖြတ်ခြင်းဟာ ဖြစ်တဲ့ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး အတော်အသင့်ကနေ ဆိုးရွားတဲ့အဆင့်အထိ ဖြစ်နိုင်ပါတယ်။ လူနာဖြစ်သူ ကလေးငယ်ဟာ စကားပြောခြင်း၊ လှုပ်ရှားပြုမူပုံနဲ့ သင်ယူလေ့လာမှုတွေမှာ အခက်အခဲ ဖြစ်သွားတတ်ပါတယ်။
ကလေးတွေမှာ လေဖြတ်ခြင်းတဲ့အခါမျိုးမှာ နာကျင်မှုဝေဒနာခံစားရခြင်း၊ တက်ခြင်းနဲ့ အမြင်အာရုံထိခိုက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် လူကြီးတွေကို ကုသသလိုမျိုးပဲ အချိန်ယူပြီး ကာယကုသမှု လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် လအနည်းငယ်အတွင်း ပြန်ကောင်းနိုင်ပေမယ့် ပိုလည်းကြာသွားတတ်ပါတယ်။ ပိုဆိုးတာက လူကြီးတွေမှာလိုပဲ ကလေးတိုင်းဟာ ၁၀၀% ပြန်မကောင်းနိုင်တာပါပဲ။
ကလေးတွေမှာ လေဖြတ်ခြင်းရဲ့ ၅၀% ခန့်ဟာ သွေးမလျှောက်တာကြောင့် ဖြစ်ပါတယ်။ သူတို့တွေရဲ့ ၃၀% ကနေ ၅၀% လောက်ဟာ ဦးနှောက်သွေးကြော ပုံပျက်ခြင်းကြောင့်လို့ ဆိုရပါမယ်။ ဒီပြဿနာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်တတ်ပေမယ့် ဦးနှောက်မှာ အဓိကဖြစ်တတ်ပါတယ်။
ကလေးတွေမှာ သွေးမလျှောက်ဘဲ လေဖြတ်ခြင်းဖြစ်စေတဲ့ အကြောင်းတရားအမျိုးမျိုးရှိပါတယ်။
- နှလုံးရောဂါတွေ၊
- သွေးရောဂါတွေ၊
- ရောဂါပိုးကူးစက်မှုတွေနဲ့
- သွေးကြောဆိုင်ရာ ရောဂါတွေထဲက တစ်ခုခုကို ရင်ဆိုင်နေရတာကြောင့်ဖြစ်နိုင်ပါတယ်။
တစ်ခြားဖြစ်နိုင်ခြေတွေကတော့ မျိုးဗီဇနဲ့ သဘာဝပတ်ဝန်းကျင်တွေကြောင့်ဖြစ်တယ်လို့ အဆိုရှိပါတယ်။
ကလေးငယ်တွေမှာ လေဖြတ်ဝေဒနာ မကြုံရစေဖို့ဆိုရင် မိဘတွေဘက်က အောက်ပါအချက်တွေကို ဂရုစိုက်ပေးပြီး ကာကွယ်မှုပြုလုပ်ပေးနိုင်ပါတယ်။
- အာဟာရပြည့်ဝတာတွေကို ကျွေးမွေးဖို့ လိုအပ်ပါတယ်။
- ကိုယ်အလေးချိန် သိသိသာသာ တိုးမလာအောင် ဂရုစိုက်ရပါမယ်။
- ကိုယ်လက်လှုပ်ရှားပြီး ကစားခုန်စားဖြစ်အောင် တိုက်တွန်းရပါမယ်။
- မိဘတွေအနေနဲ့ ဆေးလိပ်နဲ့ အရက်သောက်သုံးမှုကို ရှောင်ကျဉ်နိုင်ရင် ပိုကောင်းပါတယ်။
- သွေးတိုးနဲ့ ဆီးချိုပြဿနာတွေ ရှိမရှိ ကြိုတင်စစ်ဆေးထားသင့်ပါတယ်။
ရေးသားသူ - ရဲဇွန်အောင်